ကြည်နူးရိပ်မွန်

ညီအစ်ကိုမောင်နှမများအားလုံးကို ကြည်နူးရိပ်မွန်ကကြိုဆိုပါတယ်...

ပြေလည်ချင်ရင် မေတ္တာပို့ပေးပါ....

ကျမတို့ ငယ်ငယ်တုန်းက စာမရရင် ဆရာမအဆူခံ အရိုက်ခံရမှာစိုးလို့ဖြစ်ဖြစ် မိဘက အရိုက်ခံ အဆူခံရမှာစိုးလို့ဖြစ်ဖြစ် မြက်ပင် ၇ ပင်နှုတ်ပြီး ဆောင်သွားရခဲ့ဖူးတယ် ခုတော့အဲလိုလုပ်တာ ကိုယ့်စိတ်ကိုအားပေးတာပဲ ဆိုတာသိလာတယ် ကျမသမီးလေး ကျောင်းမှာ စာမရရင် ဆရာမက အရိုက်ခံရမှာ ကြောက်နေတတ်ပါတယ် ကျမကတော့ စာရအောင်ကျက်ဖို့ တိုက်တွန်းရပါတယ် တခါတလေ ဆရာ၊ ဆရာမတချို့ အကြောင်းတခုခုကြောင့်စိတ်ဆိုးနေရင် ကျောင်းသားကျောင်းသူတွေဟာ မလိုအပ်ပဲနဲ့ အရိုက်ခံရပါတယ် ဒီတော့သားနဲ့သမီးကို ဆရာ၊ဆရာမ စိတ်ကြည်အောင် မေတ္တာပို့ဖို့ သင်ပေးရတယ်
တကယ်တမ်း လူတစ်ယောက်ရဲ့စိတ်ကို ကြည်လင်အောင် ပြေလည်အောင် လုပ်နိုင်တာ မေတ္တာပို့ခြင်းပါပဲ
အဲဒီလိုမေတ္တာပို့ခြင်းအကျိုးကို ကျမ လက်တွေ့ခံစားခဲ့ရပုံလေးပြောပြချင်ပါတယ်
ကျမ ၁၀ တန်းအောင်ပြီး ကောလိပ်ကျောင်းတွေပိတ်ထားတုန်း (ယခုတော့ တက္ကသိုလ်ဖြစ်နေပါပြီ)ဌာနတစ်ခုမှာ အလုပ်ဝင်လုပ်ခဲ့ပါတယ် အရောင်းစာရေးနေရာမှာပါ
အလုပ်ဝင်ခါစမှာပဲ ကျမက အထက်လူကြီးတွေခွင့်ပြုချက်မရပဲ ပစ္စည်းတချို့ရောင်းမိတော့ (ခိုးရောင်းတာမဟုတ်ပါ ) မန်နေဂျာကြီးက ကျမကို စိတ်ဆိုးပြီး လူကြားထဲမယ်ငေါက်ပါတယ် မင်းဘယ်သူလဲ ဘယ်သူကမွေးတာလဲပေါ့ အများကြီးပဲ ပြောပါတယ်
(မန်နေဂျာကြီးက မွတ်ဆလင်ဘာသာဝင်တစ်ဦးပါ အသက်ကလဲ ၅၀ကျော်လောက်ရှိပါပြီ သူ့မိသားစုနဲ့အတူ ဌာနကဝန်းထဲမှာပဲနေပါတယ် )
အိမ်ကိုပြန်ရောက်တော့လဲ မန်နေဂျာကဆူလို့အလုပ်ထွက်မယ် ပြောပြီးငိုရပါတယ် ဒါပေမယ့်လဲ အလုပ်မထွက်ဖြစ်ပါဘူး
နောက်ရက်တွေအလုပ်ထဲမှာ မန်နေဂျာကြီးက အရောင်းကောင်တာတွေဘက် လှည့်ကြည့်ရင် ကျမက သူမမြင်အောင် ရှောင်နေပါတယ်
သူ အနောက်ကလာရင် အရှေ့ဘက်ပုန်းနေလိုက် အရှေ့ဘက်ကလာရင်အနောက်ဘက်ပုန်းနေလိုက်လုပ်ပါတယ်
အလုပ်ဝင်တာ ၃လကြာတော့ ဝန်ထမ်းတွေကို နေရာလဲပါတယ် ကျမကို ရုံးစာရေးဘက်ကိုပို့လိုက်ပါတယ်
ကျမကို မကြည်လို့လုပ်တယ်ဆိုတာလဲသိပါတယ် အဲဒီနေရာရောက်လို့လဲ ကျမအတွက် ကိစ္စမရှိပါဘူး
ခက်တာက ကျမလုပ်ရတဲ့အလုပ်က နေ့စဉ် မန်နေဂျာကြီးဆီသွားပြီး စာဝင်စာထွက် လက်မှတ်ထိုးခိုင်းရတာပါပဲ
တော်တော်စိတ်ညစ်ရပါတယ် ကျမက လူတစ်ယောက်ကို မျက်နှာချိုသွေးပြီး စကားမပြောတတ်ပါဘူး
ကျမ စိတ်ထဲမကြည်တဲ့လူဆို မျက်နှာလဲ မမြင်ချင် စကားလဲ မပြောချင်ပါဘူး
ကျမလဲ မတတ်သာတဲ့အဆုံး ကိုယ့်တာဝန်ကိုတော့ ကျေပွန်အောင်လုပ်ရမယ်ဆိုပြီး မန်နေဂျာကြီးဆီသွားရပါတယ်
သူ မကျေနပ်ရင် ဆူမှာစိုးလို့ သူ့ရုံးခန်းထဲမဝင်ခင် ကျမ လုပ်ရတဲ့အလုပ်က စိတ်ထဲကနေ သူ့ကို ကျန်းမာပါစေ ချမ်းသာပါစေဆိုပြီး မေတ္တာပို့ရပါတယ် ပြီးမှ ရုံးခန်းထဲဝင်ရတယ် သူက ကျမကိုမြင်တော့ ဘာမှ မပြောပါဘူး ခပ်တည်တည်ပါပဲ အဆူမခံရတော့ တော်သေးတယ်ဆိုပြီး ကျေနပ်မိပါတယ် ဒီလိုနဲ့နေ့စဉ် သူ့ရုံးခန်းထဲမဝင်ခင် သူ့ကို မေတ္တာပို့ရတဲ့ အကျင့်ရလာတယ် သူကလဲ တဖြည်းဖြည်းနဲ့ စိတ်ထဲကြည်လာတယ်ထင်ပါတယ် ကျမ မေတ္တာပို့တာလဲ ထိရောက်တယ်လို့ ယုံကြည်မိတယ် တခြားလူတွေကို ဆူနေတဲ့အချိန် ကျမသွားလဲ ကျမကို မဆူပါဘူး
အဲလိုပြေပြေလည်လည်ဖြစ်သွားဖို့ ကျမက သူ့ကို ဘာလက်ဆောင်ပစ္စည်းမှ မပေးခဲ့ရပါဘူး ပြီးတော့ ကျမ လက်ကိုလဲ ကိုင်ခွင့်မပေးခဲ့ရပါဘူး သူ့ဘက်ကလဲ ကျမကို ဘာလက်ဆောင်မှ မပေးခဲ့ပါဘူး ဖြူဖြူစင်စင် ရိုးရိုးသားသား ပြေလည်သွားခဲ့ပါတယ် မေတ္တာပို့တဲ့အကျိုးကျေးဇူးလေးပါပဲ အဲဒီအလုပ်မှာ ကျမ တနှစ်ခွဲကြာအောင်လုပ်ဖြစ်ခဲ့ပါတယ် ကျမတို့ ကောလိပ်ကျောင်းတွေပြန်ဖွင့်တော့ အလုပ်ထွက်ပြီး ကျောင်းတက်ခဲ့ပါတယ်
အဲဒီနောက်ပိုင်းတော့ မေတ္တာပို့တာကို အဓိကထားပြီး လုပ်ဖြစ်ခဲ့တယ် တချို့တလေတော့ ကိုယ်က မေတ္တာပို့ နေပေမယ့် ကိုယ့်အပေါ်အမြင်မကြည်တဲ့သူတွေ ရှိပါသေးတယ် ကိုယ့်ကိုယ်ကိုအားပေးမိတာကတော့ မြတ်စွာဘုရားတောင် သတ္တဝါအားလုံးကို မေတ္တာပို့နေတာ ဒေဝဒတ်ရဲ့လုပ်ကြံမှုကို ခံရသေးတယ်၊ ကျမလို သာမန်ပုထုဇဉ်တစ်ယောက်အတွက်ကတော့ ဒီလောက်တော့ရှိမှာပေါ့လို့ဖြေတွေးမိပါတယ် ဘာပဲဖြစ်ဖြစ် ဘယ်သူတရားပျက်ပျက် ကိုယ်မပျက်ဖို့အရေးကြီးပါတယ်နော် မေတ္တာပို့ပေးနေပေမယ့် ဒေါသလဲ ကြီးတုန်းပါပဲ မေတ္တာပို့တဲ့အချိန်မှာပဲ လောဘ ဒေါသ မောဟ ကင်းနေတာလေ အားလုံးပဲ တယောက်ယောက်နဲ့အဆင်မပြေရင် အဆင်ပြေချင်ရင် မေတ္တာပို့ပါ ယတြာချေစရာမလိုပါဘူး ဓာတ်ရိုက်ဓာတ်ဆင်လုပ်စရာမလိုပါဘူး မေတ္တာပို့တာသာ အကောင်းဆုံးအမြတ်ဆုံးပါပဲ မြတ်စွာဘုရားကလဲ တရားအလုပ်ထဲမယ် ပထမဆုံး ဝိပဿနာအလုပ်ပြီးရင် ဒုတိယက မေတ္တာပို့တာ အကောင်းဆုံးပါပဲတဲ့ အားလုံးပဲ မေတ္တာတရားပွားများနိုင်ပါစေ
မေတ္တာများများပို့ကြပါနော်..:)

သုံးမရတဲ့အဖေတဲ့တော်......

လူတစ်ယောက်ကမိခင်များနေ့မှာနှင်း
ဆီပန်းလေးတွေကိုဖဲကြိုးလှလှလေးတွနဲ့စည်းပြီးဈေးအ၀မှာသွားရောင်းတာနေမွန်းမတည့်ခင်
ပန်းအားလုံးရောင်းလို့ကုန်သွားပြီးငွေငါးဆလောက်အမြတ်ရခဲ့တယ်၊
ဖခင်များနေ့ရောက်တောဲ့ဒီလူကအဲဒီနည်းအတိုင်း



ပန်းကလေးတွေရောင်းခဲ့ပြန်တယ်။
နေစောင်းတဲ့အထိလေးပုံပုံတစ်ပုံတောင်ရောင်းမထွက်လို့ငွေရှုံးပြီးအိမ်ပြန်ခဲ့ရတယ်။

ဒါကိုကြည့်ရင်သားသမီးတွေကဖခင်ကိုဂုဏ်ပြုဖို့ထက်မိခင်ကိုပဲအလေးထားတယ်ဆိုတာထင်ရှားနေပါတယ်။

အဲဒါကိုအဖေများသိရင်ဘယ်လောက်များမျက်ရည်ကျလိုက်မလဲ။

စင်္ကာပူနိုင်ငံမှာ တစ်ချို့  PR (Permanent
Resident)ဖြစ်သွားတဲ့ဇနီးမောင်နှံကသားဦးသမီးဦးလေးတွေမွေးလာတဲ့အခါစင်္ကာပူက
လူနေမှုစရိတ်မြင့်မားတဲ့အတွက် ကလေးထိန်းဖို့ရောမီးဖိုချောင်တာဝန်ယူဖို့
ရောကူဖော်လောင်ဖက် လိုအပ်တဲ့အတွက် မြန်မာနိုင်ငံကမိခင်ကြီးတွေကို
စင်္ကာပူနိုင်ငံကိုအလည်လာဖို့လေယာဉ်လက်မှတ်ဝယ်ပြီးပို့ပေးကြပါတယ်။

ဖခင်အိုကြီးတွေကိုဘာလို့မခေါ်တာလဲလို့မေးကြည့်တော့အဖေကကလေးလည်းမထိန်းတက်ဘူး၊

ထမင်းဟင်းလည်းကောင်းကောင်း မချက်တက်ဘူးတဲ့။



သြော်သူတို့လေးတွေနိုင်ငံခြားမှာပညာသင်နိုင်ဖို့
လျှာမြက်ပေါက်လုမတက်ခြိုးခြံပြီးပင်ပင်ပန်းပန်းအလုပ်လုပ်ခဲ့တဲ့ဖခင်ကို
သူတို့တွေကောင်းစားတဲ့နိုင်ငံခြားမှာကြီးပွားချိန်ရောက်တော့အလည်တောင်မခေါ်ဘဲ
မြန်မာပြည်မှာချန်ထားရစ်ခဲ့ကြတာ အဖေများသိရင်ဘယ်လောက်များ
မျက်ရည်ကျလိုက်မလဲ။





ရပ်ဝေးမှာကျောင်းဆရာမအလုပ်လုပ်နေတဲ့အပျိုကြီးသမီးဖြစ်သူကို
စိတ်မချဘဲဖခင်ကရထားဘူတာရုံအထိ
လာကြိုတော့တောသားကြီးတို့ထုံးစံအတိုင်းဖိနပ်မပါ၊ကွမ်းတမြုံ့မြုံ့ဝါးပြီး
လူကြားထဲမှာသမီး၊သမီးလို့
ဝမ်းသာအားရသမီးရဲ့ထမီထုပ်ကိုထမ်းဖို့အနားကပ်လာတဲ့ဖခင်ဖြစ်သူရဲ့
ပုံဆိုးပန်းဆိုးပုံစံကြောင့် သူငယ်ချင်းကျောင်းဆရာမတွေ ကြားမှာ
ရှက်သွားတဲ့မြို့ကျောင်းက ဆရာမလေး သမီးဖြစ်သူက အဖေသမီးကို လူကြားထဲမှာ
သမီးလို့ခေါ်ပါနဲ့တဲ့။

သြော်ဒါတွေကို အဖေများသိရင် ဘယ်လောက်များ မျက်ရည်ကျလိုက်မလဲ။


 


နယ်မြို့လေးကနေညကားနဲ့ပြန်လာတဲ့သမီးကိုဒီဇင်ဘာဆောင်းတွင်းကြီးအိမ်တံခါးပိတ်မအိပ်ဘဲထိုင်စောင့်နေတဲ့အဖေဟာအအေးဒဏ်ကြောင့်
ကိုယ်တခြမ်းလေဖြန်းသွားခဲ့ဖူးတယ်။ကိုယ်ခန္ဓာပိုင်းဆိုင်ရာမှာအားကြီးပေမဲ့စိတ်ဓါတ်ပိုင်းဆိုင်ရာမှာအားနည်းတက်တဲ့အဖေတွေဟာ

စားဝတ်နေရေးအရှုပ်တော်ပုံတွေကြောင့်
ဆေးလိပ်၊အရက်တွေနဲ့စိတ်ထွက်ပေါက်ရှာရင်းယစ်ထုတ်ကြီး ဖြစ်သွားခဲ့ကြတယ်။



နောက်ဆုံးမှာ သားသမီးရဲ့အညုအတုတွေဇနီးမယားရဲ့စကားနုနုတွေမတွေ့မကြားရတဲ့အဖေတွေဟာ
ရေကြည်ရာမြက်နုရာရှာရင်း
အပျော်မိန်းမတွေရဲ့မာယာဂယက်တွင်းသက်ဆင်းခဲ့ကြရင်း
အိမ်ထောင်ရဲ့ဗီလိန်လူကြမ်းကြီးတွေဖြစ်သွားကြရတယ်။



အဲဒီလိုအိမ်ထောင်ဦးစီးမဖြစ်ခဲ့တဲ့ဗီလိန်လူကြမ်းကြီးအဖေတွေကိုစိတ်နာလွန်းလို့
အရွယ်ရောက်လာတဲ့သားသမီးတွေရဲ့ မင်္ဂလာဆောင်ဖိတ်စာတွေထဲမှာ
အဖေကိုသေပြီလို့သဘောမှတ်ပြီး အဖေ့နာမည်ကိုကွင်းကလေးထဲခတ်ပြီး ဖိတ်စာမှာ
ပုံနှိပ်ဖော်ပြခဲ့ကြတယ်။





ဒီထက်ပိုဆိုးတာကသားတစ်ဦးရဲ့မင်္ဂလာဆောင်ဖိတ်စာမှာတာဝန်မကျေတဲ့အဖေကို
စိတ်အနာကြီးနာခဲ့တာကြောင့်
မိဘအုပ်ထိန်းသူနေရာမှာအဖေရဲ့နာမည်ကိုလုံးဝဖျောက် အမေနာမည်တစ်လုံးတည်း ကို
ပုံနှိပ်ဖော်ပြထားတာတွေ့ဖူးလိုက်ရဲ့။ ဒါဆိုဒီကလေးအဖေမပါဘဲမွေးခဲ့တာပေါ့။



စာရေးဆရာတစ်ဦးကပြောဖူးတယ်။ အဖေ့အကြောင်းရေးထားတဲ့စာအုပ်ကို
သူပုံနှိပ်ထုတ်တာရောင်းမထွက်ဘဲရှုံးခဲ့ဖူးသတဲ့။ ဟုတ်ကဲ့ကျွန်တော်ရေးတဲ့
အဖေ့မျက်ရည်ကိုဖတ်သူမရှိရင်လည်းနေပါစေ- အဖေတွေရဲ့
မျက်ရည်ကိုသားသမီးတိုင်း နားလည်ပေးမယ်ဆိုရင်
မျက်ရည်ထွက်ရကျိုးနပ်ပါတယ်လေ။





အဲဒီလိုအဖေတွေကိုအဆိုးမြင်နေရင်လဲ
အဖေဆိုတာဟာမနှိုင်းကောင်းနှိုင်းကောင်းလောကဓံနဲ့ သားသမီးတွေကြားမှာ
တရားခံဖြစ်ခဲ့တာ
ဓါးစာခံဖြစ်ခဲ့တာခြေဖ၀ါးနဲ့မြေသားကြားကရော်ဘာဖိနပ်ပါးပါးလေးလိုပါပဲ။

အဲဒါကြောင့်ရော်ဘာဖိနပ်ပါးပါးလေးတွေကိုမြင်ရင်မိတ်ဆွေတို့ရဲ့အဖေကိုသာ
သတိရလိုက် ကြပါလို့……………..။




ချစ်သောဖေဖေ..
ရင်ဝယ်တမ်းတ
လွမ်းသမျှကို
ဖေဖေ့ကျေးဇူး
မြင့်မိုရ်ဦးဖြင့်
သမီး ဖြေသိမ့်နေပါ၏..

ငွေဆိုသောအရာ....


 ငွေဆိုတာ အရာအားလုံးကို လွှမ်းမိုးနိုင်တဲ့ အရာတစ်ခုပါ..ငွေကြောင့် ဘ၀ကြီးပျက်စီးနေကြရတဲ့ လူတွေလောကမှာ မရေတွက်နိုင်တော့ပါဘူး.. ဒါကြောင့်ငွေကို အရမ်းမက်မောမိတယ်   ငွေဆိုတဲ့အသံကြားရင် ကျွန်မအဲဒီ“ငွေ”ဆိုတဲ့အရာဆီသွားပြီးဒူးထောက်ဖို့အမြဲအသင့်ရှိနေခဲ့တယ်လေ….ကျွန်မသူငယ်ချင်းတွေကပြောကြတယ်..“နင်ရူးနေပြီတဲ့”..ဟုတ်တယ်ပဲထားလိုက်ပါတော့။ကျွန်မခင်မင်ရတဲ့ အကိုတစ်ယောက်ကလည်း ကျွန်မက ငွေကိုကိုးကွယ်နေသူတစ်ယောက်တဲ့။ငွေဆိုတာကိုးကွယ်ဖို့မဟုတ်ဘူး ခိုင်းစေဖို့အတွက်တဲ့ သူကတော့ငွေကိုမကိုးကွယ်ဘူး ခိုင်းပဲခိုင်းတယ်တဲ့ ။ဟုတ်ပါတယ်..သူ့ဘက်ကကြည့်ရင်တော့ အဲဒီစကားဟာမှန်နေမှာပေါ့..။ကျွန်မဘက်ကတော့ မှားတယ်လို့မြင်တယ်..။ကျွန်မချမ်သာနိုင်ဖို့အတွက် ငွေကို ကိုးကွယ်မှဖြစ်မယ်လေ…ကိုးကွယ်တယ်ဆိုတာ မြတ်နိုးလို့ပေါ့..ကိုယ်ကသူ့ကိုမြတ်နိုးမှ သူကလည်းကိုယ့်ကို မြတ်နိုးမှာပေါ့..မြတ်နိုးတယ်ဆိုတာ ကြင်နာမှုတစ်ခုပါပဲ..ဘယ်အရာမဆို(ငွေမှမဟုတ်ပါဘူး)မြတ်နိုးကြင်နာမှု ရှိတဲ့သူ ဆီမှာမှ ကြာရှည်ခံကြတယ်..။ရည်ရှည်တည်မြဲမှု ရှိကြတာဟာ ဓမ္မတာ တစ်ခုပဲမလား..။ ငွေဆိုတာလည်း သူ့ကိုကြင်နာမြတ်နိုးတဲ့သူ ဆီမှာပဲ အစဉ်သဖြင့်တည့်တံ့နေကြမှာအမှန်ပဲလေ..။       
          ဥပမာဆိုပါတော့ ငွေရဲ့တန်ဖိုး ငွေရဲ့အရေးပါမှုတွေကို နည်းနည်းလောက်တော့ ပြောပြချင်သေးတယ်… လူတိုင်းတော့သိကြမယ်ထင်ပါတယ်။အလှူတစ်ခုကို သွားတဲ့အခါ စိန်လည်ဆွဲတွေ စိန်နားကပ်တွေ လက်ကောက်တွေဝတ်ထားတဲ့ စိန်ရောင်ရွှေရောင်တွေနဲ့ တစ်ဖြတ်ဖြတ်လက်နေတဲ့လူနဲ့ အ၀တ်အစားခပ်နွမ်းနွမ်းဝတ်ပြီး နားပေါက်ကလေးဟောင်းလောင်းနဲ့ လာတဲ့လူနှစ်ဦးမှာ ဘယ်သူ့ကိုပဲ လူတွေကအလေးထားဆက်ဆံကြမယ်လို့ထင်ကြပါလဲ..ပြောပြဖို့တော့လိုမယ်မထင်ပါဘူးနော်..။ငွေမရှိရင်လူ တွေက မလေးစားချင်ကြဘူး တန်ဖိုးမထားချင်ကြပါဘူး..အခုကျွန်မရေးနေတဲ့ အကြောင်းအရာတွေကို လူအချို့(လူချမ်းသာတွေ)ကတော့ ငြင်းဆန်ကြမှာပါပဲ..။ ကျွန်မခုခံစားနေရတဲ့ အရာတွေကို ကျွန်မတို့လို လူဆင်းရဲတွေပဲခံစားနားလည်တတ်ကြတာပါ..။မှတ်မိပါသေးတယ်ရှင် ကျွန်မကိုးတန်းနှစ်တုန်းက အကြောင်းလေးပေါ့ အဲဒီအချိန်ကစလို့ကျွန်မရင်ထဲမှာငွေဆိုတဲ့အရာကိုအထင်ကြီးကိုးကွယ်ချင်တဲ့စိတ်တွေ ၀င်ခဲတာထင်ပါတယ်..

          ဒီအကြောင်းလေးမပြောခင် ကျွန်မတို့မိသားစုအကြောင်းလေးနည်းနည်းလောက် စာဖတ်သူတွေသိအောင် ပြောပြချင်ပါသေးတယ်..။ကျွန်မရဲ့ဖခင်ကအလယ်တန်းပြ ကျောင်းဆရာတစ်ဦးပါ။ ကျွန်မရဲ့မိခင်ကတော့ ရောဂါသည်ဆိုတော့ ဘာအလုပ်မှမလုပ်နိုင်ပါဘူး..သားသမီးကတော့ ကျွန်မအပါအ၀င် ငါးယောက်ပေါ့.. ကျွန်မတို့ရဲ့လေးစားချစ်ခင်ဖွယ်ကောင်းတဲ့ ကျွန်မရဲ့ဖခင်ဟာ သူရတဲ့လစာလေးနဲ့ မိသားစုလောက်ငှအောင် အပင်ပန်းခံပြီး  ကြိုးစားရုန်းကန်ရှာပါတယ်..အလယ်တန်းကျောင်းဆရာတစ်ယောက်ရဲ့လစာကို စာဖတ်သူ တွေလည်း သိကြမယ်ထင်ပါတယ်..။ဘယ်လိုမှမလောက်ငှနိုင်တဲ့ ဒီပိုက်ဆံအတွက် သူ့ခမျာ ကျောင်းဆရာ အလုပ်အပြင်  တစ်ခြားအလုပ်တစ်ခုကိုရှာရပါတယ်..တိုတိုပဲပြောကြတာပေါ့ရှင်…အဲဒီအခါမှာ ကျွန်မရဲ့ဖခင်က နှစ်လုံးတို့ချဲတို့ကို ကျောင်းမှာရှိတဲ့ ဆရာ၊ဆရာမတွေကို သူ့ရဲ့အားလပ်ချိန်တွေမှာ လျှောက်ရောင်း၊ဒီကြားထဲ ကျောင်းအုပ်ဆရာကြီးမရှိတဲ့အချိန် အပြင်ကို ဆရာကြီးမသိအောင် ထွက်ပြီးတော့ရောင်းရပါတယ်..
          နေပူထဲမှာစက်ဘီးတစ်စီးနဲ့ လှည့်ပတ်ရောင်းရတဲ့ ကျွန်မရဲ့ဖခင်ကြီးဟာ မနက်ပိုင်း အကြိုဂဏန်းမထွက်ခင် ကဗျာမယာ လိုက်ရောင်း..ကိုးနာရီမထိုးခင် ဒိုင်ဆီအမြန်သွားအပ် နောက်တစ်ခါညနေအတွက် တစ်ခါ လှည့်ရောင်း ..။ သူစာသင်ချိန်ရှိတဲ့ အချိန်ကြရင် အပြေးအလွှားသွားသင်..ပြီးလို့နားရင် ကသုတ်ကရုတ်နဲ့ လိုက်ရောင်း လေးနာရီအမှီ ဒိုင်ဆီအပြေးသွားအပ်နဲ့ ငွေရဖို့အတွက် ဆင်းရဲဒုက္ခခံပြီးလုပ်ရတယ်ပေါ့ရှင်..  အဲဒီလိုအရာတွေကို မြင်နေရတဲ့ကျွန်မဟာ ငွေဆိုတဲ့အရာကို မကိုးကွယ်ပဲ နေနိုင်ပါတော့မလားရှင်.. ဒီကြားထဲ ဆရာကြီသိရင် ဆရာ၊ဆရာမတွေ အများကြီးရဲ့ ရှေ့မှာ အဆူအဟောက်ခံ အပြေအဆိုခံရပါသေးတယ်.. မိသားစု တစ်ခုလုံးရဲ့ဝမ်းရေးကို ကျွန်မရဲ့အဖေက ဒုက္ခအမျိုးမျိုးခံပြီး ရှာဖွေကျွေးမွေးနေတာကို မြင်နေရတဲ့ ကျွန်မအတွက် ငွေဆိုတဲ့အရာကို အရမ်းပဲလိုချင်လာမိတယ်..။ကျွန်မရဲ့ ဖခင်ကြီးဟာ အရမ်းစိတ်သဘော ဖြူစင်တဲ့ သူတစ်ဦးပါ.. သူ့ရဲ့တပည့်တွေကို အရမ်းပဲချစ်ခင်တွယ်တာပါတယ်.။ သူ့တပည့်တွေကိုလည်း လူတော်လူကောင်းလေးတွေ ဖြစ်စေချင်တဲ့ သူပါ။ သူဒီနှလုံးရောင်းတဲ့ အလုပ်ကိုမလုပ်ချင်တော့ ကြောင်းလည်း ကျွန်မတို့ကို ခဏခဏပြောပါတယ်..။ ဒါပေမဲ့ သူ့ရဲ့လက်ရှိကျောင်းဆရာအလုပ်က တစ်ခြားအလုပ်တစ်ခုကို လုပ်ဖို့ အချိန်မရနိုင်တဲ့ အတွက် ဒါကိုပဲဆက်လုပ်နေရဦးမယ်လို့ ပြောပါတယ်။ ကျွန်မလည်း ကျွန်မအဖေပြောတာကို နားထောင်ပြီး စိတ်မကောင်းလည်းဖြစ် ၀မ်းလည်းဝမ်းနည်းမိတယ်ပေါ့။
          တစ်နေ့တော့ပေါ့ ကျွန်မဖခင်က သူရဲ့တပည့်တွေကို သချာင်္ပုဒ်စာတွေ တွက်ခိုင်းပြီး အမှတ်ခြစ် ပေးနေတဲ့ အချိန်မှာ ကျောင်းသားလေးတစ်ယောက်က ကျွန်မဖခင်ဆီလာပြီး “ဆရာကြီး ကျွန်တော်တို့ကို ဒီဂဏန်း တစ်ကွက်တစ်ရာဖိုးဆီ ထည့်ပေးပါ” ဆိုပြီး ပိုက်ဆံတစ်ထောင်နဲ့ စာရွက်ကလေးတစ်ရွက် လာပေးပါတယ်.. ကျွန်မဖခင်က အမှတ်ငုံဖျက် နေရာကနေ အဲဒီကျောင်းသားရဲ့မျက်နှာကို ကြည့်လိုက် တဲ့အခါ မချိုမချဉ်ပုံစံနဲ့ သူ့ကိုကြည့်ပြီးပြောနေတဲ့ ကျောင်းသားရဲ့ မျက်နှာကို မြင်လိုက်ရတဲ့ ကျွန်မရဲ့ ဖခင်ဟာ အရမ်းကိုဝမ်းနည်းပြီး စိတ်မကောင်းဖြစ်သွားခဲ့ပါတယ်..ဒါနဲ့ကျွန်မဖခင်လည်း ကျောင်းသားတွေအားလုံးကို နေရာမှာပြန်ထိုင်ခိုင်းပြီးတော့ ခုနက နှလုံးလားထိုးတဲ့ကောင်လေးကို အတန်းရှေ့ကိုခေါ်လိုက်ပါတယ်. ပြီးတော့ ကျွန်မရဲ့ ဖခင်က တစ်လုံးချင်းအေးဆေးစွာနဲ့ “သား.. ဘာကြောင့်ခုလိုမျိုးလုပ်ရတာလဲ.. မင်းတို့ဟာ ခုမှကျောင်းသားတွေပဲ ရှိသေးတယ်..ဒီလိုကိစ္စတွေကို မလုပ်သင့်ဘူးလေ..နောက်ကို ဒီလိုကိစ္စတွေ မလုပ်မိစေနဲ့ကွယ်..မကောင်းမှန်းသိရင်ရှောင်ရမယ်လို့ဆရာပြောခဲ့တယ်မလား.. သွား.သွား.. နောင်တစ်ခါဆို ဆရာရိုက်မှာနော်..”လို့ ကျွန်မရဲ့ ဖခင်ကြီးက မလျှော့မတင်းလေးနဲ့ ဆူလိုက်ပါတယ်..အဲဒီအခါမှာ ကျောင်း သားလေးက ကျွန်မရဲ့ဖခင်ကို “ဆရာက ချဲရောင်းတဲ့သူ ဆိုတော့ ကျွန်တော်က ချဲထိုးတာပေါ့.။ ကျွန်တော့ ကျ တော့ မထိုးခိုင်းပဲနဲ့ ဆရာကဘာကြောင့် လုပ်နေရတာလဲ..ဆရာကျတော့လုပ်ချင်တိုင်း လုပ်ပြီး တပည့်တွေ ကျတော့ မလုပ်နဲ့လို့လာတားနေတယ်..” ဆိုပြီး မကျေနပ်တဲ့လေသံနဲ့ ကျွန်မဖခင်ကို ပြန်ခံပြော ပါတယ်.. ကျွန်မရဲ့ဖခင်ဟာ သူရဲ့စေတနာမေတ္တာကို စော်ကားခံလိုက်ရတဲ့ အတွက် စိတ်မကောင်းကြီးစွာ ၀မ်းနည်းစွာနဲ့ ပဲ ငိုင်တွေသွားပြီးတဲ့နောက် ဘာစကားမှဆက်မပြောနိုင်လောက်အောင် စာသင်ခန်းထဲကနေ တိတ်ဆိတ်စွာနဲ့ပဲ ထွက်လာခဲ့ပါတယ်.. ။
အဲဒီနေ့က စိတ်မကောင်းဖြစ်ပြီး ငိုင်တွေနေတဲ့ ကျွန်မရဲ့ဖခင်ဟာ ဒိုင်ဆီကို အချိန်မှီ တင်ရမယ့် လည်ချာစာအုပ်ကို မတင်မိလို့ ပေါက်ကွက်ပါသွားတဲ့ အတွက် ရှိစုမဲ့စုလေးကနေ စိုက်လျော် လိုက် ရပါသေးတယ်။ သြော်…ငွေ..ငွေ..ပေါ့နော်..။ နောက်ထပ် အဖြစ်အပျက်လေးကတော့ ချဲသမားတွေရဲ့ ဘ၀မှာ လိုင်းကြေးဆိုတဲ့ ဆက်ကြေးသဘောမျိုး နဲ့ နယ်ထိန်းတွေကို ပိုက်ဆံပေးရတာရှိပါတယ်..။ ပိုက်ဆံကလည်း သူတို့ တောင်းသလောက် ပေးရတာပါ.။ မပေးရင်ပြသနာ ရှာပါတယ်…မဟုတ်ရင် အလုပ်ဆက်လုပ်လို့ မရပါဘူး..။ ဒီလိုပဲ ချဲသမားများစွာထဲက တစ်ဦးအပါအ၀င်ဖြစ်တဲ့ ကျွန်မရဲ့ ဖခင်ဟာလည်း နယ်ထိန်းတွေကို ဆက်ကြေး(လိုင်းကြေး)ပေးရပါတယ်..တစ်နေ့တော့ နယ်ထိန်းက ကျွန်မရဲ့ ဖခင်ကိုခေါ်တွေ့ပါတယ်.။ အကြောင်းကတော့ လိုင်းကြေးတိုးတောင်းတာပါပဲ.။သူ့ကိုလက်ရှိပေးနေတာရဲ့ နှစ်ဆပေးရမယ်ပေါ့.. မပေးရင် သူ့ကို အဆိုးမဆိုပါနဲ့ပေါ့..ဒီတစ်ရက် နှစ်ရက်အတွင်း သူ့ကိုအမြန်ဆုံးရှာပေးရမယ် ဆိုတဲ့အကြောင်းပေါ့.. အဲဒီအခါမှာ ကျွန်မရဲ့ ဖခင်က ဆရာဆိုတဲ့ ဂုဏ်သိက္ခာ ကိုတောင် မငဲ့နိုင်ရှာတော့ပဲနဲ့ ဒီကြားထဲမှာ ပိုက်ဆံ တော်တော်ကြီး လိုက်ရှာရဦးမှာမို့လို့ တစ်ရက်နှစ်ရက်နဲ့ အဆင်မပြေနိုင်တဲ့အတွက် နောက်တစ်ပတ်လောက် ရွေ့ဆိုင်းပေးဖို့ မျက်နှာငယ်နဲ့ တောင်းပန်နေရရှာတဲ့ ကျွန်မရဲ့ ဖခင်ကိုကြည့်ပြီး ကျွန်မရင်ထဲ ၀မ်းတည်းတဲ့စိတ် မခံချင်တဲ့စိတ်တွေက ရုန်းကြွနေပါတယ်..။ နယ်ထိန်းကြီးရဲ့ မျက်နှာကို မုန်းတီးစွာနဲ့ ကျွန်မတစ်ချက်ကြည့်လိုက် မိပါတယ်.နယ်ထိန်းကြီးက ကျွန်မကို ပြန်လှမ်းကြည်ြ့ပီး “ဆရာ့ရဲ့ သမီးလေးက မာနကြီးမယ့်ပုံလေးပဲ.. ဒါပေမဲ့ ဦးကိုတော့ မာနမထားနဲ့ သမီးရဲ့ ဖေဖေ ဒုက္ခရောက်သွားလိမ့်မယ်သိလား” ဆိုပြီး ကျွန်မရဲ့ ခေါင်းကိုပုတ်ကာ အမြင်ကယ်ဖို့ကောင်းတဲ့ ခြောက်ကပ်ကပ်ရယ်သံနဲ့ ရယ်ပြီး ကျွန်မတို့ သားအဖနှစ်ယောက်ရှေ့ကနေ ထွက်သွားပါတယ်..။ အဲဒီလူကြီးကို မုန်းလိုက်တာမှ တစ်စစီဖြစ်သွားအောင် ခြေမွ ပစ်ချင်တဲ့ စိတ်တွေဟာ အတောမသတ်ပါပဲ..။ ကျွန်မရဲ့ ဖခင်လည်း စိတ်ရှုပ်ထွေးစွာနဲ့ပဲ သူ့ရဲ့စက်ဘီးစုတ်ကလေးပေါ် ကျွန်မကို တင်ပြီး တုန့်ဆိုင်းလေးကွေးစွာနဲ့ပဲ အိမ်ကိုပြန်ခဲ့ရပါတယ်..။
            နောက်နှစ်ရက်လောက်ကြာတော့ ကျွန်မကို ကျွန်မရဲ့ ဖခင်က အဲဒီနယ်ထိန်းကြီးဆီကို လွှတ်ပါတယ်.. အကြောင်းကတော့ ပိုက်ဆံသွားပေးခိုင်းတာပါ.. သူတောင်းတဲ့ငွေကို ရက်ချိန်းအမှီ အမြန်သွားပေးခိုင်း တာပါ။ ကျွန်မလည်း ကျွန်မအဖေကို အဲဒီလူကြီးဆီမသွားစေချင်တာနဲ့ ကျွန်မကိုယ်တိုင် အဖေ့ရဲ့စက်ဘီးစုတ် ကလေးကိုစီး ခမောက်ကလေးကို ဆောင်းပြီးတော့ ထွက်လာခဲ့တယ်ပေါ့..။ အဲဒီအိမ်ကို ရောက်တော့ အဲဒီလူကြီးက သူ့မိန်းမနဲ့ ဆိုဖာပေါ်မှာ TV ကြည့်ရင်းဇိမ်နဲ့ နှပ်နေကြတာပေါ့..။ သြော်…သူတို့ကျတော့လည်း ဇိမ်ရှလိုက်ကျတာနော်..။ နေပူထဲကနေ ချွေးသံတစ်ရွှဲရွှဲနဲ့ လာခဲ့တဲ့ ကျွန်မကို နယ်ထိန်းကြီးရဲ့ မိန်းမက သနားလို့ ထင်ပါတယ် သူ့သားစားဖို့ဝယ်ထားတဲ့ ချောကလက်သကြားလုံးတွေထဲက ငါးလုံးကို နှိုက်ပြီး ကျွန်မကို ကျွေးပါတယ်..။ ငြင်းပေးမယ့် အတင်းပေးနေတာကြောင့် မလွှဲသာစွာနဲ့ ကျွန်မယူလိုက်ပါတယ်.. ပေးစရာပေးပြီး အိမ်ထဲကအထွက် ခြံစည်းရိုးရှေ့က ရေမြောင်းတားလဲရောက်ရော သူတို့ပေးတဲ့ သကြားလုံး တွေကို ကျွန်မမုန်းတီးစွာနဲ့ မြောင်းထဲကို လွှတ်ပစ်ခဲ့ပါတယ်..။ အဲဒီလုပ်ရပ်ကလေးဟာ မဟာအမှားတစ်ခု ဆိုတာ နောက်သုံးရက်လောက် အကြာမှာပဲ ကျွန်မသိခဲ့ရပါတယ်..။ အဲဒါကတော့ နယ်ထိန်းကြီးက ကျွန်မ အဖေကို ခေါ်ဆူတာပါပဲ..။ သူတို့ပေးတဲ့ သကြားလုံးကို ကျွန်မက မစားပဲနဲ့ ရေမြောင်းထဲ လွှတ်ပစ်လိုက်တဲ့ အတွက်..။ အဲဒီနောက် ကျွန်မရဲ့ ဖခင်ကို သူ ငြိုးပါတော့တယ်..။ တစ်နေ့ ကျွန်မလည်ချာစာအုပ် ဒိုင်ဆီသွား အပို့မှာ အဲဒီနယ်ထိန်းက လမ်းမှာ ရဲတွေအများကြီးနဲ့ ဖမ်းစစ်ပါတော့တယ်..။ ကံကောင်းထောက်မစွာနဲ့ အဲဒီနေ့က ကျွန်မအဖေ စိတ်ထဲလေးနေလို့ ဆိုပြီး တစ်ခြားလမ်းကနေ လည်ချာစာအုပ်ကို ကျွန်မနဲ့သွားပို့ ခိုင်းပါတယ်..။ သူကတော့ပုံမှန်အတိုင်း ဟန်မပျက်ပေါ့..။ နယ်ထိန်းကြီးကတော့ မကျေနပ်ပဲ တောက် တစ်ခေါက်ခေါက် နဲ့ ကျွန်မကိုတွေ့တိုင်း မကျေနပ်တဲ့ အကြည့်တွေ့နဲ့ ကြည့်ကြည့်သွားပါတယ်..။
          ကံတရားက ကျွန်မတို့ကို မျက်နှာသာပေးခဲ့ပါတယ်..တစ်လလောက်အကြာမှာပဲ အဲဒီနယ်ထိန်းကြီး တစ်ခြားနယ်ကို ပြောင်းမိန့်ကျလာတဲ့အတွက် ပြောင်းသွားရပါတယ်..။ ကံကောင်းလို့ ကျွန်မအဖေ ပိုက်ဆံနဲ့ ပတ်သက်ပြီး ထောင်ထဲမ၀င်ခဲ့ ရတာပါ..။ အဲဒီနောက်မှာတော့ ပိုက်ဆံဆိုတဲ့ အရာကို ကျွန်မ ပိုချစ်မြတ်နိုးတတ်လာခဲ့ပါတယ်..။ ဒီလိုပဲ ငွေနဲ့ပတ်သက်ပြီး ကျဆုံးမှုတွေ ဆင်းရဲနေရတာတွေကို မြင်နေရတဲ့ ကျွန်မဟာ ငွေကို ကိုးကွယ်မိတာ မဆန်းဘူးလို့ထင်ပါတယ်..။ငွေဆိုတာ အားလုံးကို လွှမ်းမိုးမချုပ်ကိုင် နိုင်ပေမဲ့ ကိုးဆယ်ရာနှုန်းလောက်တော့ ကြီးစိုးနိုင်မယ်ထင်ပါတယ်..။ စာဖတ်ပရိတ်သတ်တွေ အခုဖတ်နေတဲ့ ၀တ္တုလေးဟာ ငွေကိုအရမ်း မက်မောတဲ့ အရူးတစ်ယောက်က ရေးတဲ့ ၀တ္တုပဲလို့ ဆိုကြတယ် ဆိုရင်တော့ အဲဒီ အရူးကပဲ ဆုလေးတစ်ခုတောင်းချင်ပါသေးတယ်..။ အဲဒါကတော့ သူဘယ်လောက်ပဲရူးရူး သူသိပ်ချစ်ပြီ မြတ်နိုးရတဲ့ သူ့ရဲ့ ဖခင်ကြီးနဲ့“ ငွေ” ဆိုတဲ့ အရာကို ထာဝရ မှတ်မိနေနိုင်ဖို့ပါ…………